-->

Friday, December 21, 2007

ဝါးများအပွင့် ပွင့်၍ မြန်မာနယ်စပ်အနီး စစ်တကောင်း တောင်တန်းဒေသအတွင်း ကြွက်များ သောင်းကျန်း

လက်လှမ်းမှီသ၍ သတင်းလေးတွေ စုစည်း ပေးထားတာပါ။

မူရင်းဆိုက် ကို ဤနေရာမှ သွားနိုင်ပါတယ်။

ဝါးများအပွင့် ပွင့်၍ မြန်မာနယ်စပ်အနီး စစ်တကောင်း တောင်တန်းဒေသအတွင်း ကြွက်များ သောင်းကျန်း

12/20/2007

မောင်အေး(နိရဉ္စရာ) မြန်မာနိုင်ငံ ဘက်မှ ကျောက်တော်နှင့် ပလက်ဝ နယ်စပ် မျက်နာချင်းဆိုင် တဖက်တဘက်ရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသအတွင်း ၀ါးများ အပွင့် ပွင့်သဖြင့် တောကြွက်များ အထူးသောင်းကျန်းနေကြောင်း သတင်းရရှိသည်။

အဆိုပါ တောကြွက်များမှာ စစ်တကောင်တောင်တန်းနယ် ဒေသအတော်များများသို့ အုပ်စုလိုက် ၀င်ရောက်လာပြီး တောင်ယာ စပါးခင်းများကို ၀င်ရောက် ဖျက်ဆီးနေကြ ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ ပြောပြချက်အရ အုပ်စု တစုတွင် ကြွက်ကောင်ရေ သောင်းချီ ပါဝင်ပြီး ညဥ့်အချိန်တွင် တောင်ယာခင်များမှ စပါးအပါအ၀င် သီးနှံများအား ၀င်ရောက် ဖျက်ဆီးကြခြင်း ဖြစ်သည်။

တောကြွက်များ ၀င်ရောက်ဖျက်ဆီး ခံနေသည့် နေရာများမှာ စစ်တကောင်းတောင်တန်းဒေသ ရွာတော်ခရိုင်အတွင်းရှိ တန်းဆိတ်၊ ရုံမော်၊ ရုံဆောရီခေါ် (ရခိုင်ဝ)နှင့် ဘော်လီဘာဇာ ဒေသများ ဖြစ်ပြီး ယာခင်းဧက ၈၀ ရာခိုင်နုန်းခန့် ပျက်စီးနေကြောင်း ဒေသခံတို့က ပြောသည်။

အုပ်စု တစုစီအား ကြွက်ကောင်ထီးတကောင်က ဦးဆောင်ပြီး ကြွက်ထီးတကောင်စီမှာ တောဝက်ပေါက်စ တကောင်အရွယ်ခန့်ရှိပြီး အလေးချိန်အားဖြင့်ဆိုလျှင် ၂ ကီလိုခန့် ရှိနိုင်ကြောင်း ဒေသခံ တောင်သူ တဦးက ပြောသည်။

ယခုကဲ့သို့ ၀ါးများ အပွင့်ပွင့်သော အချိန်တွင် တောကြွက်များ သောင်းကျန်းခြင်းမှာ အဆိုပါ ၀ါးပွင့်များမှ ရရှိသော ရနံ့များကြောင့် ၀ါးပွင့်များအား စားသုံးရန် လာရောက်စဉ် တောကြွက်များ စုဆုံသွားပြီး အုပ်စုဖြစ်သွားကာနီးစပ်ရာ ယာခင်းများအား ၀င်ရောက် စားသောက်ရာမှ ယာခင်းများ ပျက်စီးသွားခြင်း ဖြစ်ကြောင်း ဒေသခံ လူကြီး တဦးက ပြောသည်။

စစ်တကောင်းတောင်တန်းနယ်တွင် ၀ါးများ အပွင့် ပွင့်နေသော အကျယ်အ၀န်းမှာ ကီလိုမီတာ ၁၈၀ ခန့်ရှိပြီး ၀ါးပွင့်နှင့် ၀ါးသီးများကိုစားသောက်ရန် ရောက်ရှိလာသည့် တောကြွက်များမှာ ၀ါးပွင့် များကုန်သွားသည့်အခါ အုပ်စုလိုက်ဖွဲ့ပြီး တောင်သူများ၏ စပါးခင်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံ ဆရာတော် တပါးမှ အတည်ပြုပြောကြားသည်။

ဝါးများ အပွင့် ပွင့်လျှင် ၀ါးများ သေဆုံးပြီး ပြုန်းတီးသွားလေ့ရှိသဖြင့် ဒေသခံပြည်သူများ အကြား ၀ါးအပွင့် ပွင့်ခြင်းနှင့် ပတ်သက်၍ အထူးစိုးရိမ်မကင်း ဖြစ်နေကြသည်။ ၎င်းအပြင် ၀ါးပွင့်လျှင် တိုင်းပြည်တွင် အဆိုးအကောင်း တခုခု ကျရောက်တတ်ကြောင်း ဒေသခံများက ယုံကြည်မှု ရှိကြကြောင်းလည်း သိရှိရသည်။

ယခုအခါ တောကြွက်များသာမက တောဝက်များနှင့် ဆင်အုပ်များလည်း အုပ်စုလိုက်ဖွဲ့ကာ တောင်ယာ စပါးခင်းများကို ၀င်ရောက် ဖျက်ဆီးနေသဖြင့် စစ်တကောင်းတောင်တန်းနယ်ရှိ ဒေသခံပြည်သူများမှာ ယခုနှစ်တွင် “၀မ်းစာမလုံ အခက်ကြုံ” သည့် ကိန်းကို ဆိုက်ရောက်မည်ကို အထူး စိုးရိမ် နေကြကြောင်းသတင်းရရှိပါသည်။

မြန်မာနိုင်ငံဘက် အခြမ်းတွင် အဆိုပါ တောကြွက်များ သောင်းကျန်းနေခြင်း ကိစ္စနှင့် ပတ်သက်၍ သတင်းအတိအကျ မရရှိသေးသဖြင့် သတင်းဖေါ်ပြပေးနိုင်ခြင်း မရှိသေးပါ။