-->

Thursday, October 18, 2007

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် စင်္ကာပူ နိုင်ငံ စထရိတ်တိုင်း(မ်) သတင်းစာ အမေရိကန်ဗျူရိုမှ ဒါဝင်ပါရေးရား တွေ့ဆုံမေးမြန်းချက် အပိုင်း (၂)

မေး၊ ခင်ဗျားရဲ့ လုပ်ငန်းစဉ် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကို ဘယ်လို တိုင်းတာနိုင်မလဲ၊ အချိန်အတိအကျကော သတ်မှတ်လို့ ရမလား။

ဂမ်ဘာရီ၊ ကျနော် ယုံကြည်တာကတော့ အခုအချိန်ဟာ အချိန်ကန့်သတ်ချက်တွေ ပါဝင်လာရတော့မဲ့ အချိန်ပါ၊ ကျနော် မြန်မာပြည်ကို နောက်တခေါက် သွားချိန်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရတို့အကြား စေ့စပ် ဆွေးနွေးပွဲတွေ စနေလောက်ပြီလို့ ကျနော် မျှော်လင့်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်သလို အဲဒီ ဆွေးနွေးပွဲဟာ လေးလေးနက်နက် ရှိပြီး အချိန် ကန့်သတ်ချက်တွေ လည်း ပါပါလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ အဓိက မျှော်မှန်းထားတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ မူကြမ်းနဲ့ ပါတ်သက်လို့ ဆွေးနွေးစရာတွေ၊ အစိုးရ အနေနဲ့ ပြည်တွင်းမှာ စီးပွားရေး၊ လူမှုရေး ပြဿနာ တက်နေတာတွေကို ဖြေရှင်းပေးရေး နဲ့ တတိုင်းပြည်လုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေ ဖြစ်ပေါ်လာနိုင်ဘို့ပါပဲ။ ဒါတွေ ခရီးရောက်မရောက် ဘယ်လို တိုင်းတာကြမလဲ၊ စေ့စပ် ဆွေးနွေးပွဲ ဖြစ်လာ မလာ၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်း သွားမသွား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမပေး၊ အားလုံးက လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအသစ် ထွက်ပေါ်လာပြီလား၊ ဒါတွေကို စောင့်ကြည့်ပြီး အောင်မြင်မှု ရှိမရှိကို တိုင်းတာ နိုင်ကြပါလိမ့်မယ် ။

မေး၊ ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်ဘို့ ASEAN အပါအဝင် တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်း နိုင်ငံတွေက ဘယ်လို အကူအညီတွေ ပေးဘို့ လိုအပ်ပါသလဲ၊

ဂမ်ဘာရီ၊ ASEAN ဥက္ကဌအနေနဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကျနော့်ရဲ့ မြန်မာခရီးစဉ်ကို ထောက်ခံထားတဲ့ အတွက် ကျနော် အများကြီး ဝမ်းသာပါတယ်၊ ကျနော်ဟာ စင်္ကာပူ အပါအဝင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေကို ရောက်ပြီးပါပြီ၊ ဒီတပါတ်အကုန်မှာ ကျနော် ခရီးထွက်ရဦးမှာပါ၊ ဒီတခါ ထိုင်း၊ မလေးရှားနဲ့ နောက်ပိုင်း တရု တ်၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေကို သွားဘို့ ရှိပါတယ်၊ ကျနော် ယုံကြည်တာကတော့ အဲဒီ နိုင်ငံအသီးသီးဟာ ကျနော့် လုပ်ငန်း အောင်မြင်အောင် အလွန် အရေးကြီးတဲ့နေရာတွေက အကူအညီ ပေးနိုင်ကြပါလိမ့်မယ်၊ ဘာဘဲဖြစ်ဖြစ် လုံခြုံရေး ကောင်စီ ဥက္ကဌကြီးက ဒီနေ့ပဲ ကျနော့် လုပ်ငန်းစဉ်နဲ့ပါတ်သက်လို့ လေးနက်စွာ ထောက်ခံ အားပေးတဲ့ အကြောင်း ပထမဦးဆုံး အနေနဲ့ ကြေညာချက် တခုကို ဖတ်ကြားသွားခဲ့ပါတယ်၊ ဒီကြေညာချက်ဟာ အလွန် အရေးကြီးပါတယ်၊ ဒါဟာ လုံခြုံရေး ကောင်စီက အရေးယူလိုက်တဲ့ ပထမဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပါတယ်၊ ဇန္နဝါရီလတုံးက ကုလသမဂ္ဂ ဆုံးဖြတ်ချက် ရှိခဲ့ဘူးသော်လည်း ဗီတိုအာဏာနဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်၊ အခု အကြိမ်ဟာ ပထမဆုံးအကြိမ် တညီတညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့နိုင်တာပါပဲ၊

မေး၊ လက်နက် ရောင်းချခြင်း ပိတ်ဆို့ခြင်းနဲ့ တခြားသော ပိတ်ဆို့မှုတွေဟာ ခင်ဗျားရဲ့ မစ်ရှင်ကို အထောက်အကူ ပြုနိုင်ပါသလား၊

ဂမ်ဘာရီ၊ ဒါတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ရမှာပါ၊ ဘာသေချာလဲ ဆိုတော့ ကျနော် ရည်ရွယ်ချက် အောင်မြင်ဘို့ လုံခြုံရေး ကောင်စီက တညီတညွတ်တည်း ဆုံးဖြတ် လိုက်တယ် ဆိုတာပါဘဲ၊ ဒီလောက်ပဲ ကျနော် ကျေနပ်ပါတယ်၊ ကောင်စီက ချမှတ်လိုက်တာ တခုဟာ မြန်မာအစိုးရအပေါ် အလေးအနက် တာသွားပါတယ်၊ ကျနော်တို့ လိုအပ်တဲ့ ထောက်ပံ့မှုဟာ ဒါပါပဲ၊ မေး၊ တချို့က အစိုးရ တခုလုံး ပြောင်းလဲပစ်ရမယ်လို့ ပြောတယ်၊ တချို့ကတော့လဲ ဘာပဲဖြစ်ဖြစ် စစ်တပ်ဟာ နောက်ဖွဲ့မဲ့ အစိုးရမှာ ပါရမယ်လို့ ပြောပါတယ်၊ ခင်ဗျားအမြင်က ဘယ်လိုပါလဲ၊ ဂမ်ဘာရီ၊ ကုလသမဂ္ဂ ဟာ အစိုးရ အပြောင်းအလဲ အလုပ်ကို လိုက်လုပ်နေတာ မဟုတ်ပါ၊ အစိုးရတွေ အပြုအမူတွေ ပြောင်းအောင်သာ လုပ်နေရခြင်းပါ၊ စစ်တပ်ဟာ အဖြေထုတ်ပေးဘို့ အရေးပါတဲ့နေရာမှာ ပါဝင်ပါသလား၊ အားလုံးပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စမှာ စစ်တပ်ဟာ အရေးကြီးပါတယ်၊ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ပါရမယ် ဆိုတာကိုတော့ မြန်မာတွေ ကိုယ်တိုင်က ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်၊

မေး၊ ဒီလို အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ဖြစ်မလာဘူးဆိုရင် ခင်ဗျား ဘာကို အစိုးရိမ်ဆုံးပါလဲ၊ မြန်မာနိုင်ငံမှာ အီရတ်လို။ ယူဂိုဆလပ်ဗီးယားတို့လို မင်းမဲ့စရိုက်ဆန်ဆန် အရှုတ်အထွေးတွေ ဖြစ်နိုင်ပါသလား။

ဂမ်ဘာရီ၊ မြန်မာပြည်လို သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတခုဟာ ပဋိပက္ခ ပြဿနာတွေကြောင့် ပြည်တွင်း မငြိမ်မသက်မှုတွေဟာ ပါတ်ဝန်းကျင်ဒေသ တခုလုံး ထိခိုက်ကုန်ရမှာတွေကိုပါပဲ၊ တခုသတိပြုရမှာက နိုင်ငံတွင်းက တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့ဟာ အသီးသီး လက်နက် ဆွဲကိုင်နိုင်ကြတယ် ဆိုတာပါဘဲ၊ ၁ရ ဖွဲ့က ငြိမ်းချမ်းရေး စာချုပ် ချုပ်ထားကြပါတယ်၊ ဒါပေမဲ့ ဒါဟာ ပဋိပက္ခတွေ မရှိတော့ဘူးလို့ ဆိုလိုရာ မရောက်ပါဘူး၊ ဒါကြောင့် စစ်တပ်ရယ် ဒေါ်အောင်ဆန်း စုကြည်ရယ် တိုင်းရင်းသား လူမျိုးစု အားလုံး အဖွဲ့စုံပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စဟာ အရေးကြီးတယ်လို့ ဆိုရခြင်းပါ၊ ကျနော်တို့ ဟာ အီရတ်မှာ ဖြစ်ခဲ့တာတွေကို ဘယ်နိုင်ငံမှာမှ ထပ်ပြီး မဖြစ်စေချင်ပါဘူး၊