-->

Thursday, October 18, 2007

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် စင်္ကာပူ နိုင်ငံ စထရိတ်တိုင်း(မ်) သတင်းစာ အမေရိကန်ဗျူရိုမှ ဒါဝင်ပါရေးရား တွေ့ဆုံမေးမြန်းချက် အပိုင်း (၁)

နိုင်ငံ အတွက် တပ်နိုင်သလောက်လုပ်ကြည့်တာပါ

အင်တာဗျူး
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။

မေး၊ အခုပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပါသလဲ ခင်ဗျား၊
ဂမ်ဘာရီ၊ ကျနော့် ခရီးစဉ်မှာ ဦးတည်ချက် ၃ ခု ရှိခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို နှိပ်ကွပ်အပြီး ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိရဘို့ရယ်၊ ဒုတိယ အချက်ကတော့ ဆန္ဒပြသူတွေ အပေါ်မှာ အင်အားသုံးပြီး ရက်ရက်စက်စက် ဖိနှိပ်နေမှုကို ရပ်တန်းကရပ်ဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို သတိပေး ပြောကြားဖို့ရယ်၊ ဖမ်းဆီး ထိမ်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေကို လွှတ်ပေးဘို့ရယ် နောက်ဆုံး စစ်အစိုးရနဲ့ အတိုက်အခံများ အကြား တွေ့ဆုံ တွေးနွေးရေး စတင်နိုင်ဘို့ ဆိုတဲ့ အချက်တွေပါပဲ။ ကျနော်အဖို့ ပြည့်ပြည့်စုံစုံ သိနိုင်ဘို့ ပြောကြားပေးနိုင်မဲ့ လူတွေ အကုန်လုံးနဲ့ တွေ့ခွင့်မရခဲ့ပါဘူး၊ ဥပမာ အင်အယ်ဒီ က ပုဂ္ဂိုလ်တွေရယ်၊ ဘုန်းတော်ကြီးတွေရယ်နဲ့ တွေ့ခွင့် မရခဲ့ပါဘူး၊ ဒါပေမဲ့ သူတို့တတွေ ပြောကြားချင်တာတွေကို ကျနော့်ဆီ ရောက်အောင် ဆက်သွယ် လာနိုင်ခဲ့ကြပါတယ်၊ နောက် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ထံမှလည်း ဖြစ်ပျက်နေတာတွေကို အသေးစိတ် အစီရင်ခံခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတာတွေကို လုံလုံ လောက်လောက် သိရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျနော် တွေ့ရှိချက်တွေကို အတွင်းရေးမှူးချုပ်၊ နောက်လုံခြုံရေး ကောင်စီတို့ကို အစီရင်ခံခဲ့ပါတယ်၊ ကျနော်သွားတယ်၊ တွေ့ခဲ့ မြင်ခဲ့ရတယ်၊ ဒါတွေကို ပြန်အစီရင်ခံခဲ့ပါပြီ။
မေး။ စစ်အစိုးရက အတိုက်အခံတို့အပေါ်မှာ ဘယ်လို မြင်ပါသလဲ၊

ဂမ္ဘာရီ။ စစ်အစိုးရကတော့ ခေါင်းမာတယ်ဗျာ၊ သူတို့က အထီးကျန် ဖြစ်နေတာလဲ ကြာပြီ မဟုတ်လား၊ သူတို့ အလေးထားတာ တခုကတော့ ငြိမ်ဝပ်ပိပြားရေးပဲ၊ ကျနော်ဟာ သူတို့ မကြားချင်တာတွေကို လာပြောတော့မယ် ဆိုတာလည်း သူတို့ သိတာပဲ၊ ဒါပေမဲ့သူတို့ ကျနော်ကို ဂရုတစိုက် လေးလေးစားစား ဆက်ဆံခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ကျနော် ကျယ်ကျယ်ပြန့်ပြန့်ကြီး ဆွေးနွေးခဲ့ရပါတယ်။ အတွင်းရေးမှူးချုပ်မှာ လိုက်တာတွေကိုလည်း ကျနော် ပြောပြခဲ့ပါတယ်၊ ဒီအခက်အခဲတွေ ကြားက လွတ်မြောက်ဘို့ နည်းလမ်းတွေ ပြောတော့လည်း သူတို့ မငြင်းပယ်ပါဘူး။ ကျနော် နိုဝင်ဘာလ ပြန်လာမယ် ဆိုတာကိုလည်း သူတို့ လက်ခံပါတယ်။ ကျနော် တတ်နိုင်သမျှ အမြန်ဆုံး မြန်မာနိုင်ငံကို ပြန်သွားမှာပါ၊
ဒေါ်အောင်ဆန်း စုကြည်ကတော့ အရင်တခေါက် ကျနော် တွေ့တုံးကနဲ့ စာရင်ပိုပြီး ကျန်းကျန်းမာမာ ရှိပါတယ်။ သူမ အနေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေးရေးကို အချိန်အတိအကျ သတ်မှတ်ချက်နဲ့ လေးလေးနက်နက် လုပ်ချင်ပုံ ရပါတယ်၊ သူ့ဘက်က ရည်ရွယ်ချက် ကောင်းထားတာကို ပြသတဲ့ အနေနဲ့ ကြားထဲမှာ ဆက်သွယ်ရေး အရာရှိ တယောက်ထားရင် ကောင်းမယ်လို့ အကြံ ပြုခဲ့ပါတယ်၊ အရင်ကနဲ့စာရင် တွေ့ဆုံ ဆွေးနွေးဘို့ကို အရင်ကနဲ့စာရင် အခုပိုပြီး ဆန္ဒရှိပုံ ရပါတယ်။

မေး။ နိုဝင်ဘာလပြန်သွားရင် ဘာလုပ်နိုင်မယ်လို့မျှော်လင့်ပါသလဲ၊

ဂမ်ဘာရီ၊ ကျနော့် ပထမအခေါက်တုံးက လုပ်ဆောင်နိုင်ခဲ့တာတွေကို ပိုပြီး သေချာအောင် ဆောင်ရွက်ရပါမယ်၊ ကျနော် ရည်ရွယ်ချက်ကတော့ ဒီတွေ့ဆုံ ဆွေးနွေးရေးကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်စေချင်တာပါပဲ၊ ကျနော် ရောက်မသွားခင် စဖြစ်တယ် ဆိုရင်လည်း ဘယ်လောက် ခရီးရောက်တယ်ဆိုတာ ကျနော် ဆန်းစစ်ကြည့်ချင်ပါတယ်၊ ဘယ်နှစ်ကြိမ်ပဲ သွားဘို့လိုလို မြန်မာပြည်ကို ကျနော်သွားပါမယ်၊ ဒါက သူတို့အပေါ်မှာတော့ မူတည်တာပေါ့ဗျာ၊ ကျနော် ၆၃ နှစ် ပဲ ရှိပါသေးတယ်၊ ကျနော် ခရီးသွားနိုင်ပါသေးတယ်၊

မေး၊ ခင်ဗျားဟာ နှစ်ဘက်စလုံးနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်တယ်လို့ ဆိုကြပါတယ်၊ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေပါလဲ။

ဂမ်ဘာရီ၊ ကျနော့်အရင်က ဆောင်ရွက်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကျနော့် အကျင့်က အရေးကြီးတယ် ထင်ပါတယ်။ သူတယောက်နဲ့ သဘောမတူရင်တောင် သူပြောတာ ကို နားထောင်ပြီး သူဘာဖြစ်ချင်တယ် ဆိုတာကို မြင်အောင် ကြည့်တတ် ကြရပါလိမ့်မယ်၊ ပြီးတော့ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ မြန်မာတွေ ကိုယ်တိုင် ဖြေရှင်းကြရမှာပါ၊ အပြင်လူတွေ အနေနဲ့ကတော့ တချို့ကိစ္စတွေမှာသာ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒါဟာ ခင်ဗျားတို့ နိုင်ငံပါ၊ ခင်ဗျားတို့ ကျနော့်ကို အကူအညီ ပေးစေချင်ရင် ကျနော် ကူညီမှာပါ၊ ကျနော့် အကူအညီ မလိုဘူးဆိုရင်လည်း ကျနော့်မှာ တခြား လုပ်စရာတွေ အများကြီးပါ၊ ဆိုတော့ ဒါကို သူတို့ လက်ခံပါတယ်၊ ခင်ဗျား ဆက်နေပါ၊ အဖြေတခုခု ထွက်အောင် ဆောင်ရွက်ပေးပါ လို့ သူတို့  ကျနော့်ကို ပြောကြပါတယ်၊

မေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတာ ဘာကို ဆိုလိုပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်အကြား စေ့စပ်ရေး ပဲလား၊ တိုင်းရင်းသားတွေကော မပါဘူးလား၊

ဂမ်ဘာရီ၊ ဒီနိုင်ငံမှာ အုပ်ချုပ်သူနဲ့ အတိုက်အခံ ဆိုပြီးကွဲနေပါတယ်၊ တိုင်းပြည် အကျိုးအတွက် ဒီအုပ်စုတွေကို ညီညွတ်အောင် ဘယ်လိုလုပ် စည်းရုံးကြမလဲ၊ ဒါဟာ ပြဿနာရဲ့ တစိတ်တပိုင်းပါ၊ ဒုတိယတခုကတော့ မြန်မာ စစ်တပ်ဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ခိုက် နေကြတာဟာ ဆယ်စုနှစ်ချီ ကြာနေပါပြီ၊ လူမျိုးစု တပ်ဖွဲ့ပေါင်း ၁၈ ဖွဲ့ လောက် ရှိပါတယ်၊ အစိုးရ အနေနဲ့က တဖွဲ့နဲ့က လွဲလို့ အားလုံးနဲ့ အပစ်အခပ် ရပ်စဲဘို့ သဘောတူညီမှု ရပြီးကြပါပြီ၊ ဒါပေမဲ့ ဒီ သဘောတူညီမှုတွေကို အဖြေလို့ ပြောလို့ မရသေးပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒီအဖွဲ့တွေကို လက်နက် ကိုင်ဆောင်ခွင့်တွေ ပေးထားရလို့ပါပဲ၊ ဒါကြောင့် စေ့စပ် ညှိနှိုင်းနေကြတာတွေဟာ လက်နက်ကိုင် အဖွဲ့အစည်းဟာ တခုတည်း ဖြစ်သည်အထိ ဆောင်ရွက်နိုင်ဘို့ လိုပါတယ်၊ လူတိုင်း အဖွဲ့တိုင်း လက်နက်ကိုင်နေကြလို့ မဖြစ်ဘူးလေ။
ဒါကြောင့် စေ့စပ် ဆွေးနွေးမှုဟာ အဓိက အစိုးရနဲ့ အတိုက်အခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ စရပါလိမ့်မယ်၊ တချိန်မှာတော့ သုံးပွင့်ဆိုင် ဆွေးနွေးဘို့ လိုတဲ့အဆင့်ကို ရောက်လာမှာပါ၊ အစီအစဉ်ထဲမှာ ပါပါတယ်။ ပထမတော့ အရေးကြီးဆုံး ဘက်နှစ် ဘက်နဲ့ စရတဲ့ သဘောပါပဲ၊
အခုဟာက အချင်းချင်း ပြန်လည် ပေါင်းစည်းရေးဆိုတာ ဖြစ်ပါ့မလား မဟုတ်တော့ပါဘူး၊ ဘယ်တော့မှာ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ဘို့ပဲ လိုပါတော့တယ်။