-->

Friday, May 16, 2008

ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးပြော

ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးပြော

NEJ/ ၁၅ မေ ၂၀၀၈

မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးကိစ္စအတွက် နည်းလမ်းမျိုးစုံ စဉ်းစားရာတွင် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အင်အားဖြင့် မြန်မာနိုင်ငံတွင်း ၀င်ရောက်ကူညီရေး နည်းလမ်း သည် ပယ်ချ၍မရသကဲ့သို့ ဥပဒေကြောင်းအရ ကျားကန်ပေးရန်လည်း လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။

အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်းမရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့် ရှိသည်ဟု ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးက မကြာသေးခင်က ပြောခဲ့သည်။

သဘာဝ ဘေးအန္တရာယ်ကျသည့်ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရတရပ် အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂ လုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများ အတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ကလည်း မေလ (၁၃) ရက်တွင် ပြောသည်။

ဆုံစည်းရာမှ ကူးယူဖော်ပြသည်

တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်

တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်

ကြောက်မက်ဘွယ် ကောင်းသော သဘာဝကပ်ဘေးကြီး ၂ ခု ရှစ်ရက်သာခြား၍ အိမ်နီးချင်းနိုင်ငံ ၂ ခုတွင် ဖြစ်ပွါးခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းအထိ သေဆုံး သို့မဟုတ် ဒဏ်ရာရ ရှိခဲ့ကာ စစ်အစိုးရက အရေးတကြီး အပူတပြင်း လိုအပ်နေသော နိုင်ငံခြား အကူအညီများကို ငြင်းပယ်သည့် ရာဇဝတ်မှု ကိုကျူးလွန်နေသဖြင့် နောက်ထပ် ထောင်ပေါင်းများစွာ ထပ်မံ သေဆုံးဦးမည့် အန္တရာယ် ရှိနေသည်။ နှစ်ပေါင်း ၃ဝ အတွင်း အဆိုးဝါးဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၁၂ဝဝဝ တရုတ်ပြည်တွင် သေဆုံးခဲ့ရသည်။ ယခုအခါ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် ငလျင်ဗဟိုချက် ကျရောက်ရာ ဝမ်ချွင် (္တနညခ့ကညေ) တမြို့တည်းပင်လျှင် သေဆုံးသူ အရေအတွက်မှာ အဆိုပါ အရေအတွက်၏ ၄ ဆအထိ ရှိနိုင်သည်။ သို့သော် တရုတ် ခေါင်းဆောင်များက ဤသဘာဝ ကပ်ဘေး အန္တရာယ်ကြီးကို စံနမူနာ ပြုလောက်သည့် စိုးရိမ်ပူပန်မှု၊ လျင်မြန် သွက်လက်မှုတို့ဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့ကြသည်။ ရောဂါများ ဖြစ်ပွါး ပေါ်ပေါက်ခြင်း မရှိစေရန်၊ အသက်ရှင် ကျန်ရစ်သူများကို ကယ်တင်ရန် အကြီးအကျယ် လှုံ့ဆော်၍ အမျိုးသားရေး လုပ်ငန်းကြီးတရပ် အနေဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ ၂ နိုင်ငံကြား ကွာခြားချက် မှာ ဒီထက် ပို၍ ဆွတ်ပျံ့ကြေကွဲဘွယ် မရှိ။

လျှို့ဝှက်လွန်းသည့် အကျင့်ဟောင်းများ ရှိနေလင့်ကစား တရုတ်ပြည်၏ ယခု ပွင့်လင်းမှုနှင့် စိုးရိမ် ပူပန်မှုမှာ အားတက်သရော ရှိလှသည်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် ကပ်ဘေး အန္တရယ် ကျရောက်သော ဒေသသို့ ချက်ချင်း သွားရောက်၍ တမျိုးသားလုံး၏ ပူဆွေးဝမ်းနည်းမှုနှင့် စာနာမှုကို ထုတ်ဖေါ် ပြသခဲ့သည်။ အသက်မသေ လွတ်မြောက်ခဲ့သူများကို သွားရောက် တွေ့ဆုံခဲ့သည်။ အဆောက်အဦ အပြိုအပျက်များ အောက်တွင် ပိတ်မိနေကြသည့် သူများကို အမြန်ဆုံး သွားရောက် ကယ်တင်ရန် ကြိမ်ဖန်များစွာ တိုက်တွန်း ပြောကြားခဲ့သည်။ အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များကို ကူညီရန်နှင့် အစားအစာများ ဝေငှ ဖြန့်ဖြူးနိုင်ရန် တရုတ်တပ်ဖွဲ့ဝင် ၅ဝဝဝဝ ကို အသင့်ပြင် စေလွှတ်ခဲ့သည်။ ဆေးဝါးများ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ချပေးနိုင်ရန် ရဟတ်ယဉ်များ အသင့်ပြင် ထားခဲ့သည်။ အနီးအနားရှိ လေယဉ်ကွင်း အားလုံးတွင် အရပ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဆင်းသက်ခွင့်ကို ပိတ်ပင်၍ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက်သာ ဖွင့်ပေးထားသည်။ ပိတ်ဆို့နေသော လမ်းများ ရှင်းလင်းရေးနှင့် ပြတ်တောက်သွားသော လျှပ်စစ်မီး ပြန်လည် ရရှိရေးကို ဦးစားပေး လုပ်ဆောင်နေသည်။ သွေးလှူဒါန်းရန် မေတ္တာ ရပ်ခံချက်များ ထုတ်ပြန်၍ ရုတ်မြင်သံကြားမှလည်း ငလျင်ဘေးနှင့် ပတ်သက်သည့် သတင်းများကို မကြာခဏ ထုတ်လွှင့် ပေးနေသည်။

ဤသို့ ပွင့်လင်းမှု၊ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှုတို့ကို ရရှိရန် တရုတ်ပြည်သည် ၁၉၇၆ ခုနှစ်မှ စတင်၍ ခရီးရှည်ကြီးကို ချီတက် လျှောက်လှမ်းလာခဲ့ရသည်။ အဆိုပါ ၁၉၇၆ ခုနှစ်တွင် ပီကင်းမြို့ အရှေ့မြောက်ဘက် ထန်စန်းတွင် ငလျင်ကြီးလှုပ်၍ တမြို့လုံး ပျက်စီးခဲ့သည်။ အစိုးရ၏ တရားဝင် စာရင်းအရပင် လူပေါင်း ၂၄ဝဝဝဝ အသက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များ ဆိုသည်မှာ လုံးဝ အဆင်သင့်မဖြစ်။ အင်အား ၈.၃ အင်အားဖြင့် လှုပ်သွားခဲ့သော အဆိုပါ ငလျင်ကြီးအကြောင်း အသေးစိတ် အချက်အလက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။ မည်သည့် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး အဖွဲ့ကိုမျှလည်း ဝင်ရောက်ခွင့် မပြုခဲ့။ တရုတ်နိုင်ငံ တဝှမ်းတွင် ကောလဟလများ၊ နိမိတ်ဆိုးများ အကြောင်းကိုသာ ပြောဆို နေခဲ့ကြသည်။ လေးဦးဂိုဏ်း ကျဆုံးသွားခဲ့ခြင်းကြောင့် အဆိုပါ ငလျင်ကြီး ဖြစ်ပေါ်လာရသည်ဟု ပြောဆို နေခဲ့ကြသည်။

ယခုတကြိမ် တရုတ်အစိုးရ၏ သဘာဝ ကပ်ဘေးကို တုံ့ပြန်ပုံမှာမူ ပိုမို ရင့်ကျက်လာပြီး ပိုမို ထက်မြက်စူးရှ လာခဲ့သည်။ ကမ္ဘာတဝှမ်းလုံး၏ စာနာမှုကို ကျေးဇူးတင်ရှိကြောင်း ပီကင်း အစိုးရက ထုတ်ဖေါ် ပြောကြားခဲ့သည်။ အကူအညီပေးရေး ကမ်းလှမ်းချက်များကို လက်ခံခဲ့သည်။ မကြာသေးခင်က အေးစက်စက် ဆက်ဆံရေး ရှိခဲ့သည့် အိမ်နီးချင်း ဂျပန် နိုင်ငံသို့ပင် အကူအညီ ပေးပါရန် ပန်ကြား မေတ္တာရပ်ခံခဲ့သည်။ သမတဘုရှ်၏ တယ်လီဖုံး ဆက်သွယ် ပြောကြားချက်ကို တရုတ်သမတ ဟူ က လက်ခံ ပြောကြားပြီး ငလျင်အရေး သာမက တိဗက်အရေးကိုပါ ဆွေးနွေးခဲ့သည်။ “ဓမ္မဓိဌာန်ကျ၍ မျှတသော သဘောထား” တရပ်ကို မျှော်လင့်ကြောင်း မယုတ်မလွန် ထုတ်ဖေါ် ပြောကြားသွားခဲ့သည်။ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ မလိုအပ်ပါဟု ပြောခြင်းသည်လည်း ကာကွယ်ရေးအရ လျှို့ဝှက်လို၍ မဟုတ်ဘဲ တရုတ်တွင် ထိုလုပ်ငန်းတွင် အမှန်တကယ် လူအင်အားနှင့် ကျွမ်းကျင်မှုများ ရှိနေ၍ ပြောကြားခြင်းသာ ဖြစ်သည်။

ယင်းနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းဒဏ် ခံခဲ့ရပြီး အန္တရာယ် ကျရောက်နေသည့် အကူအညီ အရေးတကြီး လိုအပ်နေသည့် လူပေါင်း တသန်းခွဲကို ကူညီ ကယ်ဆယ်ရန် အတွေ့အကြုံလည်း မရှိ၊ လုပ်ကိုင်နိုင်သည့် အရည်အချင်းလည်း မရှိ။ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးအပြီး ၁ဝ ရက်ကြာသည်အထိ နိုင်ငံတကာ အကူနှင့် ကျွမ်းကျင်မှုကို လက်ခံရန် စစ်အစိုးရက ငြင်းပယ်နေခြင်းကို နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ တို့ကပါ ကြာလေ စိတ်မရှည်လေ မချင့်မရဲဖြစ်လေ ဖြစ်လာနေသည်။ ဤသို့ဖြင့် လက်တွေ့ ဖြစ်နိုင်ခြေနည်းသော်လည်း အသေအချာ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသည့် လက်နက်ကိုင် တပ်များဖြင့် ဝင်ရောက် စွက်ဖက်၍ အကူအညီများ ဝင်ပေးရေး အဆို ပြုချက်များ ထွက်ပေါ်လာစေသည်။ လူအများ၏ အသက်ရှင် ရပ်တည်ရေးထက် အစိုးရ တရပ်၏ လုံခြုံရေးကို အထက်တွင် ထား၍ စဉ်းစားသည့်၊ အဖြစ်မှန်နှင့် နီးစပ်လှသည့် စိတ်ဓါတ်ကို နားလည်ရန်မှာ ခက်ခဲလှသည်။ စစ်အစိုးရကမူ ဆိုင်ကလုံး မုန်တိုင်းကို နိမိတ်ဆိုး တရပ်အဖြစ် ယခုတိုင် ရှုမြင်နေဆဲ ဖြစ်ပြီး နိုင်ငံ၏ မြို့တော်ကို ကုန်းတွင်းပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်စဉ်ကလည်း ပြင်ပကမ္ဘာက မည်သို့ပင် သရော်လှောင်ပြောင်စေ မည်သို့မျှ ဂရုထားခဲ့သည် မဟုတ်။ အမှန်စင်စစ် တရုတ်နိုင်ငံကသာလျှင် ကြမ်းတမ်း ခက်ခဲလှသည့် အမှန်တရားကို မြန်မာနိုင်ငံအား ပြောပြနိုင်သူ ဖြစ်သည်။ ဤသို့ လုပ်ဖို့လည်း လိုနေပြီ။ သူ့နိုင်ငံသား ကပ်ဘေး ဒုက္ခသည်များကို ကယ်တင်ရန် ပီကင်းအစိုးရက သူ၏ ခေါင်းဆောင်မှုနှင့် သိမြင် နားလည်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ အသိပညာ နုံနဲ့သော ထိုမြန်မာနိုင်ငံမှ ဒုက္ခ ခံစားနေရသူများကို ကယ်တင်ရန် ဗမာအစိုးရအား ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ပြောဆိုပေးခြင်းက အမှန်ပင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

(တိုင်းမ် မဂ္ဂဇင်းပါ China and Burma: a seismic shift ကို ဘာသာပြန်ဆိုပါသည်။)

ဆုံစည်းရာမှကူးယူဖော်ပြသည်

Wednesday, May 7, 2008

လပွတ္တာမှာ လူထောင်ပေါင်းများစွာ မုန်တိုင်းဒဏ်သင့် သေဆုံးဟု လွှတ်တော် ကိုယ်စားလှယ်ပြော

မောင်ဒီး
အင်္ဂါနေ့၊ မေလ 06 2008 23:22 - မြန်မာစံတော်ချိန်

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့တွင် အသေအပျောက် များသည် ဆိုသောကြောင့် ယမန်နေ့ညက ရန်ကုန်သို့ ရောက်ရှိလာသည့် လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြူကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

ယနေ့ ထုတ်ပြန်သော အစိုးရ၏ စိစစ်ဆဲ ရှိသည်ဆိုသော သတင်းတွင် လူ ၁ဝဝဝ သေဆုံးသည်ဟု ပြောသည်။ သို့သော် ဦးအေးကြူက အစိုးရ ကြေညာချက်ထက် အဆများစွာ ပိုသည်ဟု ပြောသည်။

မေး။ လပွတ္တာမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြပါ ဆရာ။

ဖြေ။ လပွတ္တာက သောကြာနေ့၊ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က စတိုက်တာ။ စတိုက်တဲ့ မုန်တိုင်းက ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ နည်းနည်းလေး လျော့သွားတယ်။ ဒါပေမဲ့ အရှိန်က မသေးဘူး။ လေက ပတ်လည်တိုက်သွားတာ။ မြို့က ကုန်းပေါ်မို့လို့ တော်သေးတယ်။ မြို့လယ်လမ်းမှာ ရေက ခါးလယ်လောက် ရှိတယ်။ မြို့စွန်တွေမှာ ရင်ဘတ်အထိ ရောက်တယ်။ ခေါင်းမိုးတွေ အကုန်လန်ကုန်တာ။ ပြိုတဲ့ အိမ်ကပြို။ တမြို့လုံး ခေါင်မိုးမလန်တဲ့ အိမ်မရှိသလောက်ဘဲ။ သွပ်တွေကလည်း မရှိတော့ဘူး။ လေနဲ့ ပါသွားတာ။

လူတွေက ခုထိ အမိုးမရှိဘဲ နေရတာ။ မိုးရွာတဲ့အခါ ကြမ်းခင်းရှိတဲ့ အိမ်တွေက အောက်မှာ မိုးသွားခိုနေရတယ်။ ဒီကြားထဲ မြွေက တက်သေးတယ်။ မြွေကိုက်လို့ ရွေးမြစ် ဟိုဘက်ကမ်းက လူတယောက် မြွေကိုက်ခံရလို့ သေတယ်။ ကျနော့် အိမ်နားက ကောင်မလေးကလည်း ဂျပ်မြွေ ကိုက်ခံလို့ ဆေးရုံတင်တာ ဆေးမရှိလို့ဆိုပြီး နှစ်ရက်လောက် စောင့်ခိုင်းနေတယ်။

မြို့ပေါ်က မြေးအဘိုးနှစ်ယောက် မုန်တိုင်းအရှိန်ကြောင့် တိုက်ပြိုကျပြီး သေတယ်။ မြေးအဘိုး နှစ်ယောက်က ညသန်းခေါင်ကျော်ကြီးမှာ မုန်တိုင်းကလည်း တိုက်တော့ အပေါ်က အမိုးကြီး ပြိုကျပြီး သေတာ။ အဘိုးက ဦးနှောက် ပွင့်သွားတယ်။ မြေးလေးက ပွဲချင်းပြီး သေတယ်။ နောက်ပြီး အိမ်ခေါင်မိုးတွေ လန်ကုန်လို့ ဘုန်းကြီးကျောင်းမှာ မိုးသွားခိုတဲ့လူတွေ ဘုန်းကြီးကျောင်း နံရံကြီး ပြိုကျလို့ လူ ၉ ယောက် သေတယ်။ ရေဆိုင်ကုန်းမှာလည်း ၈ ယောက် သေတယ်။ အဆောက်အဦးတွေ ပိကျပြီး သေတာ။

မေး။ ။ လူအထိအခိုက်များတာ ဘယ်ဖက်ဖြစ်မလဲ။

အသေများတာက မြို့ရဲ့ အောက်ဘက်ခြမ်း၊ ပင်လယ်နဲ့ ဆက်နေတဲ့ အခြမ်း၊ လပွတ္တာနဲ့ တတန်းတည်း ဆွဲလိုက်ရင် အောက်ပိုင်း အဆိုးဆုံး။ မြစ်ကြီး ၃ မြစ်ရှိတယ်ဗျာ။ ပြန်မလော့၊ ရွေး၊ အလယ်ကျော်မြစ်တို့ နားမှာရှိတဲ့ ရွာတွေက အကုန်ကုန်တာပဲ။ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ ၃ဝ ကျော်လောက်က ထိတာပဲ။ တအုပ်စုမှာ ကျေးရွာပေါင်း ၁ဝ ရွာ ပတ်ဝန်းကျင်စီ ရှိကြတယ်။ အဲဒီရွာတွေ အကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေက အိမ်လောက် မြင့်တယ်။ ၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်ဗျာ။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ ထောင်လောက်ရှိတဲ့ ရွာတရွာမှာ လူ ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်။ လပွတ္တာမြို့ တခြမ်းလုံး ပျက်သွားတာပဲ။

မေး။ ။ အထိအနာဆုံး ရွာနာမည်တွေ ပြောပြနိုင်မလား။

ပျဉ်စလူ၊ သင်္ကန်းကြီး၊ ရွေး အဲဒီရွာတွေက အဆိုးဆုံးပဲ။ ကျန်တဲ့ ရွာတွေလည်း အကုန်လုံးနီးပါး ပျက်သွားတယ်။

မေး။ ။ ပျဉ်စလူတို့၊ သင်္ကန်းကြီးတို့မှာ သေတဲ့ လူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးဦးရေ အရေအတွက် ရာခိုင်နှုန်းတွေ သိရမလား။

အမျိုးသမီးတို့ အမျိုးသားတို့ ခွဲလို့ မရဘူး။ ပျဉ်စလူက လွတ်လာတဲ့ ကလေးမ တယောက်ကို မေးကြည့်တယ်။ နင်တို့ ပျဉ်စလူမှာ ရေလွတ်တာ ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတော့ ၂ ရာ ၃ ရာလောက်ပဲ ရှိတယ်တဲ့။ ဒါဆို ရွာလူဦးရေက ဘယ်လောက်လဲဆိုတော့ ၄၊ ၅ ထောင်လောက် ရှိတယ်တဲ့။ ရေက အိမ်လောက် ကြီးနေတာ၊ လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။

မေး။ ။ အစိုးရက တရားဝင်ပြောထားတာက လပွတ္တာမှာ လူ ၁ ထောင်ကျော်ပဲ သေတယ်ဆိုပြီး ပြောထားပါတယ်။ အခုဆရာပြောတာက အနည်းဆုံး သောင်းဂဏန်း သေတဲ့ အနေအထား ဖြစ်နေတယ်။

အစိုးရပြောတာ မကျေနပ်လို့ ကျနော် ရန်ကုန်တက်လာတာ။ ရွာလုံးကျွတ် ပျက်သွားတာ အများကြီးပဲ။ လပွတ္တာတဝက် အောက်ခြမ်းမှာ တော်တော်များများ ရွာလုံးကျွတ် ပျက်သွားတာ။ လွတ်လာတဲ့ လူတွေက ၆ ယောက်လောက်မှာ တယောက် နှစ်ယောက်လောက်ပဲ။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန်သေတာပဲ။ လပွတ္တာ အောက်ဖက်ခြမ်းက ကုန်သလောက်ပဲ။

အလောင်းတွေက ပြန့်ကျဲနေတာ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာ။ လူသေတာတော့ဗျာ၊ ရင်တုန်စရာ ဖြစ်တယ်ဗျာ။

ထန်းတော၊ အုန်းတောတွေက ခါးပြတ်သွားတယ်ဗျာ။ မုန်တိုင်းလည်း ပြီးရော အုန်းတောတွေ မရှိတော့ဘူး။ ဂျပန်က ဆောက်ပေးတဲ့ တာဝါတိုင် (ဆက်သွယ်ရေးတိုင်) တွေဆိုရင် ကွေးပြီးတော့ လဲကျသွားတယ်ဗျာ။ တချို့တွေက မခံနိုင်လို့ တာပေါ် တက်ပြေးတယ်။ တာပေါ်မှာလည်း ရေက လည်ပင်းလောက် ရောက်နေတယ် ဆိုတော့ ကြာလာရင် ဘယ်ခံနိုင်မလဲ။ တာတွေ ပတ်ပတ်လည်မှာ သေနေကြတာ။ ရာဂဏန်းရှိတယ်။ လှိုင်းက အုပ်၊ လေက တိုက်ဆိုတော့ အိမ်တွေ အကုန်ပြိုကုန်တာ။ ၁ဝဝ ရာခိုင်နှုန်း ပျက်စီးတာ။

မေး။ အဲဒီက လူတွေအတွက် ကယ်ဆယ်ရေးတွေကို အစိုးရက ဘယ်လိုလုပ်ပေးလဲခင်ဗျ။

ဖြေ။ ကယ်ဆယ်ရေးသမားတွေတော့ဗျာ၊ ဖြစ်ပြီး နောက်တရက်အထိ မလာရဲကြဘူး။ လေက ပြင်းနေသေးတယ် ဆိုပြီး နောက်တရက်လောက်မှ လာကြတာ။ ဟိုမှာ အသက်ရှင်ကျန်နေတဲ့ လူတွေက တရက်ခွဲလောက် ထမင်းမစားဘဲ နေရတာ။ နောက်တော့ သူတို့ကို သွားကယ်လာတယ်။ အလောင်းတွေကိုတော့ မသယ်နိုင်လို့ ဒီအတိုင်း ထားပစ်ခဲ့ရတယ်။

ကယ်ဆယ်ရေး စခန်းက လပွတ္တာ ၅ ရပ်ကွက် ကမ်းနားလမ်းမှာ ဖွင့်ထားတယ်။ ကြက်ခြေနီ အလံတိုင် ထောင်ထားပြီး စားစရာ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ ပေးတယ်။ နေဖို့ကျတော့ လူတွေကို မြို့ထဲက ဘုန်းကြီးကျောင်းတွေ၊ ပညာသင် ကျောင်းဆောင်တွေမှာ ထားရတယ်။ တချို့ အသိရှိတဲ့ လူတွေက အသိအိမ်တွေမှာ သွားနေကြတယ်။

ဖျားနာတဲ့လူတွေကို ဆေးရုံပို့ရင်လည်း ဆေးရုံမှာက ဆေးမရှိ၊ အမိုးကလည်း လန်၊ လူနာတွေလည်း ပြည့်ကျပ်။ လူတွေကလည်း နီးစပ်ရာ ဆေးခန်းတွေကို သွားနေရတယ်။ ဒီအစိုးရက မလုပ်ပေးနိုင်ဘူးဗျာ။

အခု မြို့ပေါ်ကို တက်လာတဲ့လူတွေက ပြန်သွားဖို့ ဆိုတာ မလွယ်တော့ဘူးနော်။ ဟိုမှာ ရေမရှိတော့ဘူး။ သူတို့သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားပြီဗျာ။ ပင်လယ် ရေငံကြီးကို ဘယ်လို သောက်ရမှာလဲ။ စားစရာ၊ ဆန်ဆီဆားတွေ အားလုံး မရှိတော့ဘူး။ ပါကုန်ပြီ။ ဘာသွား စားသောက်တော့မှာလဲ။ မြို့ပေါ်မှာမှ ဆန်ပြုတ်လေးတောင် သောက်ရမယ်ဆိုပြီး ပြေးလာကြတာ။ ပိုက်ဆံလည်း မပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ။ သူတို့ ဘယ်လို ပြန်ကြတော့မှာလဲ။

မေး။ လပွတ္တာကို ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များမယ်လို့ သိရလဲ။

ဖြေ။ ၁ သောင်းလောက် ရှိတယ်။ သူတို့ပြောတာတွေ နားထောင်ရရင်ဗျာ တကယ်ကို စိတ်မကောင်းဘူး။ ၆ ယောက်ရှိတဲ့ မိသားစုမှာ ၂၊ ၃ ယောက်လောက်က ပါသွားတယ် ဆိုပြီး လူတွေက ငိုယိုနေကြတာ။ တကယ့်ကို ဝမ်းနည်းစရာပဲ။

မေး။ လူတွေက အစိုးရ မုန်တိုင်းသတင်း သတိပေးတာတွေ မသိကြလို့လား။

ဖြေ။ မိုးလေဝသတို့က လွှင့်တာတွေ ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဖော်မြူလာလို ဖြစ်နေတာက ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပေါ်ပြီးတော့ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။ နောက်တဖြေးဖြေး ရွှေ့လျားတယ်။ သူက အရှေ့ဘက်ကို ရွှေ့လျားတယ်။ ဆိုတော့ ဟိုင်းကြီးဘက် ရောက်သွားမယ်။ ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေတက်ပြီး ဘင်္ဂလားဒေ့ရှ်ကို တက်မယ်။ ဒါ ဖော်မြူလာပဲ။ မုန်တိုင်း ဖော်မြူလာ။

ကျနော် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ လပွတ္တာမှာ နေလာတာ။ ဒီအတိုင်းပဲ လူတွေကလည်း အေးဆေးနေကြတာ။ အခုကျမှ ဒီမုန်တိုင်းက ဟိုင်းကြီးကနေ ဖြစ်ပြီးတော့ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေ ရန်ကုန်ကို တက်တာ။ တခါမှ ဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှ လေက ပြင်းလာတယ်။ ရေတွေတက်လာမှ ကျနော်တို့ ဂရုစိုက်မိတာ။

မေး။ ။ ဆရာ ရန်ကုန်ကို ထွက်လာတဲ့ လမ်းမှာရော အခက်အခဲတွေ ရှိခဲ့လား။

ကျနော်တို့ လပွတ္တာ အထက်ခြမ်းက တောင်ကြောတွေ ရှိသွားပြီ။ မြောင်းမြထိကို တောင်ကြောကြီး ဖြစ်နေတော့ ကားလမ်းတွေ ပေါက်ပါတယ်။ လမ်းမှာတော့ တဲပြိုတာ၊ သစ်ပင်ပြိုတာတွေတော့ တွေ့ခဲ့ပါတယ်။ ရေကတော့ မတက်နိုင်ဘူး။ ကျနော် လပွတ္တာက ထွက်လာတာ မနေ့က မနက် ၁ဝ နာရီမှာ ထွက်လာတာ ည ၉ နာရီလောက်မှာ ရန်ကုန်ရောက်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။

မဇ္ဈိမ သတင်းမှ ထုတ်နှုတ်တင်ပြသည်